အထက်မင်းလှ မေ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရုံးရပ်တောင်ရပ်ကွက်ရှိ မဟာစည်ကျောင်းတိုက်နှင့် ကိုင်းစံပြကျေးရွာ ဒက္ခိဏာရုံမဟာစည်တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် မဟာစည်ကျောင်းတိုက်ဆရာတော်၊ စာကြောစာသင်တိုက်ဆရာတော်၊ ဒက္ခိဏာရုံမဟာစည်ဆရာတော်တို့က ဩဝါဒတရားဟောကြားတော်မူပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ရခြင်းမှာ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အားလပ်ချိန်များကို အကျိုးရှိစွာ ဖြတ်သန်းနိုင်စေရန်၊ လိမ္မာယဉ်ကျေးစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် ရုံးရပ်တောင်ရပ်ကွက် မဟာစည်ကျောင်းတိုက်တွင် ကျောင်းသား၊ ကျေင်းသူ(၂၇၀)ဦး၊ ကိုင်းစံပြကျေးရွာဒက္ခိဏာရုံမဟာစည်တွင်(၂၁၀)ဦးအား သင်တန်းဆရာ၊ ဆရာမများက အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် သင်ကြားပေးမည်ဖြစ်သည်။ ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ်(၁)အုပ်၊ ဘောပင်(၁)ချောင်းနှုန်း လှူဒါန်းပေးခဲ့ပြီး၊ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများကို အာဟာရဒါန ကျွေးမွေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)