မုံရွာ မေ ၂၂
၂၀၂၃ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းတွင် ကျင်းပရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် မုံရွာခရိုင် ဘောလုံးအသင်းနှင့် ကသာခရိုင် ဘောလုံးတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးပြီး ကသာခရိုင်အသင်းမှ မုံရွာခရိုင်အသင်းအား အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က ပွဲစဉ် တစ်လျှောက် နေရာအလိုက် အကောင်းဆုံးရရှိကြသော အားကစားသမား များအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်နှင့် တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးစောနိုင်တို့က ပူးတွဲတတိယဆုရရှိကြသော ယင်းမာပင် ခရိုင် အသင်းနှင့် စစ်ကိုင်းခရိုင်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုငွေကျပ် ၅ သိန်း နှင့် ဒိုင်းဆုတို့အား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ဒုတိယဆုရရှိသော မုံရွာခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုငွေကျပ် ၇ သိန်းနှင့် ဒိုင်းဆုအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပထမဆုရရှိသော ကသာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များအား လည်းကောင်း ပေးအပ်ချီးမြှင့် ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမဆုရရှိသော ကသာခရိုင်အသင်းအား ဆုငွေကျပ် ၁၀ သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး (ပြန်/ဆက်)