အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်ပွဲကျင်းပ

ကျိုက်လတ် မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၊ စုဝေးခန်းမ၌ ယနေ့ နံနက်(၁၀) နာရီက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖြစ်သည့် လေအေးပေးစက် (aircon) မွမ်းမံထိန်းသိမ်းခြင်း သင်တန်း၊ အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်း၊ အိမ်တွင်းနေ့စဥ်သုံး လျှပ်စစ်ပစ္စည်း ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းနှင့် အခြေခံလူသုံးကုန်ထုတ်လုပ်မှု (ရေမလိုလက်သန့်ဆေးရည်၊ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာအမျိုးမျိုးပြုလုပ်ခြင်း) သင်တန်းများဖွင့်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိန်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို တက်ရောက်သည့်အတွက် မိမိ၏မိသားစုနှင့် မိမိဒေသအကျိုးအတွက် လိုအပ် သည့် အချိန်တွင် အသုံးပြုနိုင်မည်ဖြစ် ကြောင်း၊ ယခုသင်တန်းများကိုပူး ပေါင်းဖွင့်လှစ်ပေးသည့် Delta Gas Transportation Limited နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) တို့ကို ကျေးဇူးတင်ကြောင်းနှင့် သင်တန်းသားများကလည်း စာတွေ့၊ လက်တွေ့သင်ကြားပို့ချမှုများကို ဂရုတစိုက်ကြိုးစား သင်ကြားကြစေလိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာ အောင်ဟိန်းလတ်က သင်တန်းဖွင့်လှစ်ရခြင်း အကြောင်း နှင့် Delta Gas  Transportation Limited မှ မစ္စတာ အာရာရာချန်တင်က သင်တန်းဖွင့်ရန် ပူးပေါင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့မိမြို့ဖ ဦးစိန်ရီနှင့် မစ္စတာ အာရာရာချန်တင်တို့က သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများအား ပေးအပ်ခဲ့ကြ သည်။ အဆိုပါ သင်တန်းများကို  သင်တန်းသား (၁၀၀)ကျော် တက်ရောက်ကြမည်ဖြစ်ပြီး မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့ အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)