ရွှေဘို မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက သင်တန်းတက်ရောက်လာသော ဒေသခံပြည်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် ပြုလုပ်သုံးစွဲခြင်းဖြင့် မိသားစုအိမ်သုံးစရိတ် လျှော့ချနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် ကြိုးစား သင်ယူကြရန် ပြောကြားခဲ့ပြီး ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးထက်မောင်က သင်တန်းဖွင့်လှစ်ပေးနိုင်မှု အခြေအနေနှင့် သင်တန်းသား/သူများအား စီးပွားဖြစ် လူသုံးကုန်ထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါ သင်တန်းတွင် နည်းပြများက လူသုံးကုန်ပစ္စည်းများတွင် အသုံးပြုသော လုပ်ငန်းသုံး ဓာတုပစ္စည်းများအကြောင်း၊ ပန်းကန်ဆေး၊ အဝတ်လျှော်၊ လက်ဆေးရည်ပြုလုပ်နည်း၊ ကိုယ်တိုက် ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်ဆပ်ပြာမှုန့်၊ အမွှေးဆီ၊ Hand Gel၊ Hand Spray ပြုလုပ်နည်းများကို (၂၂.၅.၂၀၂၃ မှ ၂၄.၅.၂၀၂၃) ရက်နေ့ထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား/ သူ(၂၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)