မအူပင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မအူပင် မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၉)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ-လမ်းသစ်ကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက် ဦးဆောင်မှုဖြင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးလွင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ယဉ်ယဉ်မာနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပူးပေါင်း၍ ပိုးလောက်လန်း ပေါက်ပွားနိုင်သည့် နေရာများအား စစ်ဆေးခြင်း၊ ရေအိုး၊ ရေကန်များ၊ ဘုရား ပန်းအိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)