ဘားအံ မေ၂၂
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၁ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဘားအံမြို့ အမှတ် (၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့စုမှူးဒုတိယရဲမှူးသိန်းဇော်မြင့်က လူကုန်ကူးမှုဖြစ်ပွားနေမှုအခြေအနေများ၊ လူကုန်ကူးခံရမှုကြောင့်ခံစားရသည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ၊ ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောပြီး ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရှိရာ နွေရာသီကွန်ပျူတာ အခြေခံသင်တန်းတက်ရောက်နေသော သင်တန်းသား/သူများက လာရောက်လေ့လာမှတ်သားကြကြောင်း သိရှိရသည်။
ထို့နောက် ဘားအံမြို့ အမှတ် (၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူးရုံးမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)