ချောင်းသာမြို့ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးနှင့် သန့်ရှင်းသာယာရေးအတွက် စုပေါင်းဆောင်ရွက်

ချောင်းသာ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အခြေခံပညာကျောင်းများ၌ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး နှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့ပေါ်ရှိကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် ကျောင်းသား/သူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြား နိုင်စေရန်၊ ကျောင်းသန့်ရှင်းသာယာ လှပစေရန်နှင့် လေကောင်းလေသန့်များ ရရှိစေရန်အတွက် ကျောင်းအဝင် လမ်းတစ်လျှောက်နှင့် ပတ်ဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်း များ၊ အမှိုက်နှင့် အညစ်အကြေးများအား ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများအား ပြန်လည် တူးဖော်ပေး ခြင်းများနှင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေ ရေး ကျောင်းဝန်းအတွင်းရှိ ရေတိုင်ကီ၊  အုတ်ကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ဆောင်ရွက်၍ အဘိတ်ဆေးခပ်ပေးခြင်း၊ စာသင်ခန်းများအတွင်းရှိ စာသင်ခုံများအား စနစ်တကျ စီတန်းထားပေး ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင် အနီးကပ်ကြီးကြပ်မှုဖြင့် မြို့အုပ်ချုပ် ရေးအဖွဲ့နှင့် တိုက်နယ်ကျန်းမာရေး ဌာန၊ မြို့မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရှိ (အ.ထ.က)ကျောင်း၊ (အ.လ.က)ကျောင်းနှင့် (အ.မ.က) ကျောင်းတို့တွင် ဒေသခံကျောင်းသားမိဘများနှင့် အတူ စုပေါင်းညီညွတ်စွာဖြင့် အားတက်သရော ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ကျော်ကျော်(ပြန်/ဆက်)