ကသာ မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ ၂၀၂၃ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့ နံနက် (၇)နာရီခွဲအချိန်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း စိုက်ပျိုးခဲ့ကြသည်။
မိုးရာသီအကြို သစ်ပင်စိုက်ပျိုးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ NGO အသင်း အဖွဲ့ဝင်များ၊ ကျောင်းဆရာ/ ဆရာမများနှင့် ဒေသခံပြည်သူများက တက်ရောက်ခဲ့ကြပြီး၊ သစ်ပင် မျိုးစုံ(၄၅၀)ပင်အား စုပေါင်းစိုက်ခဲ့ကြသည်။ ခရိုင်သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သစ်တောသစ်ပင်များ လျော့နည်းလာခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်လာစေပြီး ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်း စသည့်သဘာဝဘေးအန္တရာယ် ကျရောက် လာမှုအပေါ် သစ်တောသစ်ပင်များစိုက်ပျိုး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ပြည်သူများ၏ အခန်းကဏ္ဍတွင် အရေးကြီးကြောင်း၊ သစ်တောသစ်ပင်များ၏ တန်ဘိုးကိုသိရှိနိုင်သည်နှင့် အမျှ ပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်ချက်များဖြင့် သစ်ပင်စိုက်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။
အဆိုပါ သစ်ပင်စိုက်ပွဲတွင် ကျွန်း(၂၀၀)ပင်၊ ပျဉ်းကတိုး (၅၀)ပင်၊ ကံ့ကော်(၃၀)ပင်၊ ခရေ(၅၀)ပင်၊ မန်ဂျန်ရှား(၅၀)ပင်၊ ဗန်ဒါ (၄၀)ပင်နှင့် မဟော်ဂနီ(၃၀)ပင် စုစုပေါင်း (၄၅၀)ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)