သာယာဝတီမြို့နယ်၌ စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် နွေစပါးစံကွက်ရိတ်သိမ်း တစ်ဧက အစိုတင်း (၁၁၂) တင်းထွက်ရှိ

သာယာဝတီ မေ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သင်တောရိုးအုပ်စု၊ သင်တောရိုးကျေးရွာ တောင်သူဦးကျော်စိုး၏ ကွင်းအမှတ်(၁၂၅၂) နွေစပါးစိုက်ခင်းတွင် စိုက်ပျိုးထားသော မှော်ဘီ-၃ စပါးစိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီက စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မှော်ဘီ-၃ စပါးစိုက်ခင်းအား စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်း၍ စံနှုန်းတိုင်းတာခြင်း၊ အထွက်နှုန်း အချိန်အတွယ်တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ရာ စပါးတစ်ဧက အထွက်နှုန်း အစိုတင်း(၁၁၂)တင်း၊ အခြောက်(၁၀၁)တင်းထွက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် ယခုနှစ်နွေစပါး လျာထားဧကထက်ကျော်လွန်၍ စိုက်ဧက (၈၅၉၂) ဧကကို စိုက်ပျိုးခဲ့ပြီး ရတနာတိုးစပါး၊ မှော်ဘီ-၃၊ ရက်(၉၀) စပါး၊ GW-11 စပါးမျိုးနှင့် ထိုင်းနှံကောက်စပါးမျိုးများ အများဆုံးစိုက်ပျိုးထားရှိကြောင်းနှင့် စပါးစိုက်တောင်သူများ အထွက်နှုန်းကောင်းစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးရေးနည်းပညာများ ကူညီပံ့ပိုးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)