ကလိန်အောင်မြို့တွင် ယခုနှစ် ရာသီပေါ်ထွက်ရှိသည့်ပတ္တမြားငမောက် သရက်သီး‌  ဈေးကောင်းရရှိ

ကလိန်အောင် မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ရာသီပေါ်ထွက်ရှိသည့် ပတ္တမြားငမောက် သရက်သီးမှာ မနှစ်ကထက် ဈေးကောင်းရရှိ၍  အဆင်ပြေကြကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။

မနှစ်က ပတ္တမြားငမောက် သရက်သီး‌ဈေးမှာ အရွယ်အစားလိုက်အကြီး တစ်လုံးကို ငွေ ၁၀၀၀၊ အသေးနှစ်လုံးကို ၁၅၀၀၊၂၀၀၀ ကျပ်ဖြင့် ရောင်းချရပြီး ဒီနှစ်ဈေးမှာ အရွယ်အစားလိုက်အကြီး တစ်လုံးကိုငွေ ၂၀၀၀၊ ၂၅၀၀ကျပ်အထိ‌ ဈေးကောင်းရရှိတယ်ဟု အဆိုပါသရက်သီးစိုက်ပျိုးသူ တစ်ဦးကပြောသည်။

ကလိန်‌အောင်မြို့တွင် ထွက်ရှိသည့် သရက်သီးများကို အနီးပတ်ဝန်းကျင် ကျေးရွာများနှင့် ဈေးသယ်များက ဖောက်သည်ယူပီရောင်းချကြကာ တခြားမြို့ကြီးဖြစ်သော ရန်ကုန်၊ ထားဝယ်မြို့များသို့လည်း တင်ပို့ရောင်းချရကြောင်း သိရသည်။ ကလိန်အောင်မြို့တွင် အဆိုပါ သရက်သီးပင် များကိုအော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးကြပြီး ထွက်ရှိလာသည့်ပတ္တမြားငမောက်သရက်သီးမှာ စားသုံးသူတို့အတွက်လည်း ကျန်းမာရေးနှင့် ညီညွတ်ကြောင်း သိရသည်။

အခုလက်ရှိဈေးမှာ ရောင်းချနေတာတော့ အလုံးအရွယ်အစားအလိုက် တစ်လုံးကို ငွေကျပ်၂၀၀၀၊ ၂၅၀၀ အထိ ရောင်းချရတယ်၊နောက်ပြီး ရန်ကုန်မြို့နဲ့ ထားဝယ်မြို့‌ ဈေးကွက်ကိုလည်း ဖောက်သည်ဈေး အလုံးအရွယ်အစားပေါ်မူတည်ပြီး တစ်လုံးကို ငွေကျပ် ၁၀၀၀၊ ၁၅၀၀ အထိ တင်ပို့ ရောင်းချရပါတယ်ဟု ကလိန်အောင်မြို့ရှိ  စိုက်ပျိုးရောင်းချသူတစ်ဦးကပြောသည်။

"ဒီနှစ်ကတော့ အသီးထွက်နှုန်းနည်းတယ်၊ ဘယ်လောက်ရမှာမှန်းတော့ မသိသေးဘူး ဈေးတော့ ရကောင်းတယ်၊ မနှစ်ကဆိုတခြားမြို့နယ်တွေကလည်း လာဝယ်တာလဲ မရှိဘူး၊ ကိုယ်တိုင် သွားပြီးရောင်းချဖို့ကလဲ အဆင်မပြေဘူး၊ ဒါကြောင့် ရတဲ့ဈေးနဲ့ပဲ မြို့ပေါ်မှာရောင်းရတယ်" ၎င်းက ဆက်လက်ပြောသည်။

ကလိန်အောင်မြို့ ဒေသတွင် ပတ္တမြားငမောက်သရက်သီးမျိုးကို ကိုင်းကူးအပင်မျိုးများသာ စတင်စိုက်ပျိုးကြပြီး (၃)နှစ်ကြာမှာ ပန်းများပွင့်ပြီး အသီးကင်များစတင်၍ သီးကာ မှိုဆေးများဖြန့်ပေးရပြီး အသီးလုံးများကို စနစ်တကျအိတ်စွတ်ပေးကာ မေလပိုင်းတွင်  စတင်ခူးဆွတ်ပြီး ဈေးကွက် အတွင်းသို့ ဖြန့်ဖြူးရောင်းချကြသည်။

အဆိုပါ ဈေးကွက်ဝင်သည့်ပတ္တမြားငမောက်သရက်သီး စိုက်ပျိုးရာတွင် တစ်ဧကကို ငွေ (၇) သိန်းခန့် ကုန်ကျကာ အသီးထွက်နှုန်းမှာ တစ်ဧကကို အလုံးရေငါးထောင်ခန့်ထွက်ရှိပြီး ပတ္တမြား ငမောက်သရက်ပင်မျိုး‌များကို ဥယျဉ်ခြံများတွင် စီးပွားရေးအဖြစ် အဓိကထား၍ စိုက်ပျိုးလုပ်ကိုင် ကြကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် ပတ္တမြားငမောက်သရက်သီးအပင် စိုက်ပျိုး‌ဧကမှာ (၃၂)ဧကခန့်ရှိကြောင်း ကလိန်အောင်မြို့ စိုက်ပျိုးရေးဦးစီး‌ဌာနမှ သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)