ဆဌမအကြိမ်မြောက် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ပေါင်းတည် မေ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်မှစတင်၍ အငြိမ်းစားဝန်ထမ်းဟောင်းများအတွက် အခမဲ့ဆေးခန်းဖွင့်လှစ် ကုသစစ်ဆေးပေးခဲ့ရာ ယနေ့နံနက်ပိုင်းက ဆဌမအကြိမ်မြောက် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရမှဦးဆောင်၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကရုဏာစေတနာထက်သန်စွာဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်ရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာသန်းသန်းချစ်ကိုယ်တိုင် အငြိမ်းစားဝန်ထမ်းဟောင်းများအား စမ်းသပ်စစ်​ဆေးပေးကာ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေး စစ်ဆေးမှု ခံယူလိုသူ အငြိမ်းစားဝန်ထမ်းများအား ပင်စင်ထုတ်သည့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ ပြည်သူ့ဆေးရုံသို့ မော်တော်ယာဉ်ဖြင့် အခမဲ့ သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း၊ ယနေ့တွင် အငြိမ်းစား (၈၇) ဦးအား ကျန်းမာရေးစောင့်ရှောက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)