ရှမ်းရွာသစ်မြို့တွင် နာနတ်သီးများ ပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေရရှိ

ရှမ်းရွာသစ်   မေ  ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည့် တောင်ပေါ်ဒေသဖြစ်၍ ဒေသနေပြည်သူအများ စုသည် တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် တစ်ပိုင်တစ်နိုင် ဥယျာဉ်ခြံမြေများတွင် နာနတ်ပင်များ စိုက်ပျိုးထားရာ ယခုအချိန်သည် နာနာသီးများ ရင့်မှည့်ချိန်ဖြစ်၍ ခူးယူရောင်းချသူများ အပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။

နာနတ်သီးသည် ဆေးဖက်လည်းဝင်ပြီး အာဟာရဓာတ်ကြွယ်ဝသော အသီးဖြစ်သောကြောင့် ဒေသနေပြည်သူများ ကြိုက်နှစ်သက်ကြောင်း၊ နာနတ်ပင်သည် ရေဝပ်သည့်နေရာကို ကြောက်သောကြောင့် မြေပြုပြင်ရာတွင် ရေထုတ်မြောင်းများလည်း ကောင်းစွာပြုလုပ်ပြီးမှ စိုက်ပျိုးရကြောင်း၊ နွားချေးနှင့်မြေစေးများ ချေပြီး မြေကို ကောင်းစွာသမ၍ အနံလေးပေ၊ အမြင့်တစ်ပေခန့်မြေပေါင်ပြုလုပ်၍ တစ်ပင်နှင့်တစ်ပင် သုံးပေခန့်ခွာ၍ စိုက်ပျိုးရကြောင်း ၊ နာနတ်သီး အရွယ်အစားပေါ် မူတည်၍ တစ်လုံးလျှင် ငွေကျပ်(၅၀၀) ကျပ်မှ (၂၀၀၀)ကျပ်အထိ ရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း ဒေသနေပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်ရှိပြီး ကျေးရွာအများစုတွင် တစ်ပိုင်တစ်နိုင် နာနတ်ပင်များ စိုက်ပျိုးထားသောကြောင့် ယခုအချိန်သည် နာနတ်သီးများ ရင့်မှည့်ပြီး ခူးဆွတ်ချိန်ဖြစ်သောကြောင့် ဒေသနေပြည်သူများအနေဖြင့် အပိုဝင်ငွေ ရရှိချိန်လည်းဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)