ကြာအင်းဆိပ်ကြီးမြို့နယ်၌ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်းပ

ကြာအင်းဆိပ်ကြီး မေ ၂၂

ကျောင်းသား ကျောင်းသူ ကလေးငယ်များအား အခြေခံဗုဒ္ဓဘာသာသိမှတ်ဖွယ်ရာ အကြောင်းအရာများနှင့် ယဉ်ကျေးလိမ္မာစွာ ပြောဆိုပေါင်းသင်းဆက်ဆံ တတ်စေရေးအတွက် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ မဏိရတနာ မြို့မကမ်းနားကျောင်း၌ ပြုလုပ်ကျင်းပသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲတွင် သဒ္ဓမ္မဝါစီမင်းကျောင်းဆရာတော် ဘဒ္ဒန္တ သီရိရေ ဝတာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) အရှင်သူမြတ်ကြီးထံမှ ဒါယကာ ဒါယိကာမများက ငါးပါးသီလတရားတော်နှင့် ဩဝါဒတရားတော်အား ခံယူဆောက်တည်ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ စိန်ရနာကျောင်းဆရာတော်ဘုရားမှ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်လင်းမြွတ်ကြားသည်။

ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်များအား ဒါယကာ ဒါယိကာမများမှ လှူဖွယ်ဝတ္ထုအစုစုအား ဆက်ကပ်လှူဒါန်းပြီး အဆိုပါသင်တန်း၌ အကြီးတန်း အလယ်တန်း အငယ်တန်းအဆင့်တွင် ဆုများရရှိကြသည့် ကျောင်းသား ကျောင်းသူ ကလေးငယ်များအား ဆရာတော် သံဃာတော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းနောက် မင်းကျောင်းဆရာတော်ဘုရားကြီးထံမှ ရေစက်ချတရားတော်နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ၎င်းသင်တန်းကို ဧပြီလ ၂၃ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိဖွင့်လှစ်သင်ကြားခဲ့ပြီး မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးကျေးရွာများမှ ကျောင်းသား ကျောင်းသူ ကလေးငယ် (၂၄၁) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး