ထားဝယ် မေ ၂၂
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့ နံနက်(၈)နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ကျောင်းဝင်း အတွင်း၌ ၂၀၂၃-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကိုက တက်ရောက်လာသူများအား သစ်ပင်ပျိုးပင်များ ပေးအပ်ပြီး ကံ့ကော်ပျိုးပင်အားစိုက်ပျိုးပေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ထားဝယ်တက္ကသိုလ်မှ ဆရာ/ဆရာမများ၊ လူမှုရေးအသင်း အဖွဲ့များက သက်မှတ်ထားသော နေရာများတွင် ပျိုးပင်အမျိုးအစား(၅)မျိုး စုစုပေါင်း ပျိုးပင် (၃၀၀) ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သစ်ပင်ပျိုးပင်စိုက်ပျိုးပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။
သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေထိန်းသိမ်းစို့၊ သစ်တော သစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊ ရှင်အောင် စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း စသည့် ဆောင်ပုဒ်နှင့်အညီ ထားဝယ်တက္ကသိုလ်ကျောင်းဝင်းအတွင်း ကံ့ကော်(၁၀၀)ပင်၊ မဟော်ဂနီ(၂၅)ပင်၊ ပျဉ်းကတိုး(၂၅)ပင်၊ ခရေ(၇၅)ပင်၊ စိန်ပန်း(၇၅)ပင် စုစုပေါင်း ပျိုးပင်(၃၀၀)ပင်အားစိုက်ပျိုးပေးခဲ့ကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)