ရောင်းတန်းမဝင်သည့် သရက်သီးအမှည့်များ သရက်ပြားများ ပြုလုပ်ရောင်းချလျက်ရှိရာ မိသားစုအတွက် အပိုဝင်ငွေရရှိ

မြင်းမူ မေ ၂၂

ယခုချိန်သည်  သရက်သီးများ လှိုင်လှိုင်ပေါများလျက်ရှိရာ  ရောင်းသူဝယ်သူများအတွက် များစွာ အဆင်ပြေလျက်ရှိပြီး ရောင်းတန်းမဝင်သည့် သရက်သီးအမှည့်များ၏ အနှစ်များရယူကာ သရက်ပြား ပြုလုပ်ရောင်းချကြသည့််အတွက် မိသားစုအတွက် အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ တပင်ရွှေထီးရပ်မှ သရက်ပြား ပြုလုပ်ရောင်းချနေသူထံမှ သိရှိရသည်။

သရက်သီးအများအပြား ပေါ်ချိန်တွင် ရောင်းတန်းမဝင်သည့် အသီးများနှင့် အနာအဆာပါ အသီးအမှည့်များကို ဇကာဖြင့် ခြစ်ချပြီး အနှစ်ကိုရယူရကြောင်း၊ ရရှိသည့် အနှစ်များကို မီးဖြင့် အပူပေးကာ အသားကျသည့်အထိ မပြတ်မွှေပေးရကြောင်း၊ မိမိနှစ်သက်သည့် အတိုင်းအတာ ရရှိချိန်တွင် ဆီသုတ်ထားသည့် လင်ပန်း(သို့) ပလပ်စတစ်အပေါ်သို့ လောင်းချကာ   ခပ်ပါးပါး ဖြန့်ခင်းပြီး နေပူတွင် (၂)ရက်ခန့် လှမ်းခြင်းဖြင့် အဟာရပြည့်ဝပြီး အနံ့မွှေးကြိုင်သည့်   သရက်ပြားကို ရရှိနိုင်ကြောင်း၊ ကြာရှည်သိမ်းဆည်းရန်အတွက် သရက်ပြားကို ဆီအနည်းငယ် သုတ်လိမ်းရန်လိုကြောင်း သရက်ပြားပြုလုပ်သူထံမှ သိရှိရသည်။

သရက်ပြား (၁)ပိသာရရှိရန်အတွက် သရက်သီးမှည့် (၂၅)လုံးခန့် လိုအပ်ပြီး   သရက်ခြံများတွင် အခမဲ့ တောင်းယူရရှိနိုင်ကြောင်း၊   သရက်ပြား (၁)ပိသာလျှင် ငွေကျပ် (၆၀၀၀)ကျပ် ရရှိသည့်အတွက် သရက်သီးမှည့်ပေါ်ချိန်တွင် မိသားစုအတွက် အပိုဝင်ငွေရရှိစေကြောင်း သိရှိရသည်။       

အောင်စိုးဖေ(မြင်းမူ)