စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မုံရွာ မေ ၂၂

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်မှုကြောင့် သဘာ၀ဘေးဒဏ် သင်ခဲ့ရသည့် ဒေသများ၌  ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူ ရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရခိုင်ကမ်းရိုးတန်းဒေသများသို့ စစ်တွေမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်လာသည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ မုန်တိုင်းဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲ ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ထိခိုက်ဆုံးရှုံးမှု နည်းပါးခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်၊ ချင်းပြည်နယ်မှ ၄ မြို့နယ်အနေဖြင့် ပျက်စီးဆုံးရှုံးမှု များပြားသည့်အတွက် နိုင်ငံတော်အစိုးရမှ ဦးဆောင်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား အားလုံးမြင်တွေ့ရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မုန်တိုင်းဒဏ်သင့် ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ယခုလိုအခမ်းအနား ပြုလုပ်ကာ အလှူငွေများလက်ခံပြီး ရရှိသည့်အလှူငွေများအား ဘေးသင့် ဒေသများအတွက် လှူဒါန်းသွားမည် ဖြစ်ပါကြောင်း၊

မိုခါမုန်တိုင်းနှင့် ပတ်သက်၍ မုန်တိုင်းအန္တရာယ် အသိပေးချက်များအား အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်ခဲ့မှုများကြောင့် မုန်တိုင်းတိုက်ခတ်ချိန်တွင် လူအသက်အန္တရာယ်ထိခိုက်မှုများကို အနည်းပါးဆုံးအခြေအနေဖြင့် ကျော်လွှားနိုင်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် လူသားချင်း စာနာသည့်စိတ်၊ ရိုင်းပင်းကူညီလိုသည့်စိတ်၊ ကုသိုလ်စိတ်တို့ဖြင့် ယခုလို လှူဒါန်းပေးမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့၏ လှူဒါန်းမှုများကြောင့် ဘေးသင့်ပြည်သူများ သက်သာမှုရရှိပြီး ပြန်လည်ထူထောင်ရေး အတွက် အထောက်အပံ့များ ဖြစ်စေတယ်လို့ မှတ်ယူပြီး မိမိတို့၏ ကောင်းမှုကုသိုလ်အပေါ် အမြဲအမှတ်ရ ရှိနိုင်ပါစေရန်နှင့် လှူဒါန်းပေးကမ်းစွန့်ကြဲနိုင်သည့် ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်း ငွေကျပ်သိန်း ၁၀၀၀ ကျပ်အား တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းမှ လည်းကောင်း၊ မုံရွာမြို့၊ ဇေယျာပဒေသာဖောင်ဒေးရှင်းမှ လှူဒါန်းငွေသိန်း ၃၀၀၀ ကျပ်အား ဇေယျာပဒေသာ ဖောင်ဒေးရှင်းကိုယ်စား တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းညိုကလည်းကောင်း၊ တိုင်း/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှ လှူဒါန်းငွေသိန်း ၁၀၀ ကျပ်အား  တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းမှ လည်းကောင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ လှူဒါန်းငွေသိန်း  ၁၀၀ ကျပ်အား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်မှ လည်းကောင်း၊ မုံရွာမြို့ ငုံးသားဖောက်စက်နှင့် မွေးမြူရေးလုပ်ငန်းမှ လှူဒါန်းငွေကျပ်သိန်း ၃၀ အား လုပ်ငန်းရှင် ဒေါက်တာကျော်လွင်ဦးမှ လည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်း/ခရိုင်/မြို့နယ် တရားရုံးများမှ လှူဒါန်းငွေကျပ် ၇ သိန်းအား  တိုင်းတရားရေး ဦးစီးဌာနမှူးမှ လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကြီးကြပ်မှု အောက်ရှိ ဌာနဆိုင်ရာများမှ လှူဒါန်းငွေကျပ် ၅၇,၅၀,၀၀၀ (ငါးဆယ်ခုနှစ်ငါးသောင်ကျပ်)အား  တိုင်းဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူးမှ လည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ကြီးကြပ်မှု အောက်ရှိ ဌာနဆိုင်ရာများမှ လှူဒါန်းငွေကျပ် ၇,၂၀,၀၀၀ (ခုနှစ်သိန်းနှစ်သောင်းကျပ်) အား တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူးမှလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ကြီးကြပ်မှုအောက်ရှိ ဌာနဆိုင်ရာများမှ လှူဒါန်းငွေကျပ် ၄၁,၈၀,၀၀၀ (လေးဆယ်တစ်သိန်း ရှစ်သောင်ကျပ်) အား တိုင်းဒေသကြီး မြန်မာ့သစ် လုပ်ငန်းမှ ညွှန်ကြားရေးမှူမှ လည်းကောင်း၊ လူမှုရေးရာဝန်ကြီး ကြီးကြပ်မှုအောက်ရှိ ဌာနဆိုင်ရာများမှ လှူဒါန်းငွေကျပ် ၁၂၇,၉၄,၀၀၀ (တစ်ရာနှစ်ဆယ်ခုနှစ်သိန်း ကိုးသောင်းလေးထောင်ကျပ်)အား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေး/ကုသရေး ဦးစီးဌာနမှူးမှ လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကြီးကြပ်မှု အောက်ရှိ ဌာနဆိုင်ရာများမှ လှူဒါန်းငွေကျပ် ၄၅,၈၂,၀၀၀ (လေးဆယ်ငါးသိန်း ရှစ်သောင်း နှစ်ထောင်ကျပ်)အား တိုင်းဒေသကြီးကျေးလက်လမ်းဌာနဦးစီးမှူးမှ လည်းကောင်း၊ တိုင်းရင်း သားရေးရာဝန်ကြီး ကြီးကြပ်မှုအောက်ရှိ ဌာနဆိုင်ရာများမှ လှူဒါန်းငွေကျပ် ၁၆,၉၀,၀၀၀ (တစ်ဆယ်ခြောက်သိန်းကိုးသောင်ကျပ်)အား တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန မှူးမှ လည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ကြီးကြပ်မှုအောက်ရှိ ဌာနဆိုင်ရာများမှ လှူဒါန်းငွေ ကျပ် ၃ သိန်းအား တိုင်းဒေသကြီး ဥပဒေအရာရှိတို့မှ အသီးသီးပေးအပ် လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချူပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယနေ့ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများ၌ ကုညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များမှ စုစုပေါင်းလှူဒါန်းငွေကျပ် ၄၅၅၆,၄၆,၀၀၀ (လေးထောင်ငါးရာငါးဆယ် ခြောင်သိန်းလေးသောင်း ခြောက်ထောင်ကျပ်)အား ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်