ရွှေသောင်ယံကမ်းခြေတွင် ရာသီဥတုသာယာပြီးဇောင်းခရင်းခရုများ ထွက်ရှိ၍ ခရုကောက်သူများရှိနေ

ရွှေသောင်ယံ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေတွင် ယခုရက်များအတွင်း ဇောင်းခရင်းခရုများ ထွက်ပေါ်၍ ကမ်းခြေတစ်လျှောက်ခရုကောက်သူများ ရှိနေသည်။

မိုခါမုန်တိုင်းတိုက်ခတ်စဉ်ရက်များက ကမ်းခြေတစ်လျှောက်တွင် လှိုင်းအလွန်ကြီးခဲ့ပေမယ့် မုန်တိုင်းအလွန် ယခုအခါ၌ ကမ်းခြေသာယာပြီး စားသုံး၍ ရသည့်ပင်လယ်ခရုတစ်မျိုးဖြစ်သည့် ဇောင်းခရင်းခရုများ မြေပေါ်ပေါ်လာသည့်အတွက် ကမ်းခြေတွင် ဇောင်ခရင်းခရုကောက်သူများ ရှိနေသည်။

အဆိုပါဇောင်ခရင်းခရုများမှာ များပြားသည့်အတွက် မိသားစုစားသုံးယုံမကဘဲ ရောင်းချ၍ရကြောင်း ဇောင်ခရင်းကောက်သူများထံမှသိရသည်။ ဇောင်းခရင်းခရုအား အသားထွတ်ပြီး တစ်ဆယ်သားလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစုစားသုံးယုံမကဘဲ ဝင်ငွေတစ်ခုပါရရှိသည့်အခါ ဇောင်းခရင်းကောက်ရောင်းချသူများလည်း ရှိနေသည်။

လက်ရှိအခြေအနေတွင် ရွှေသောင်ယံကမ်းခြေ၌ သာယာပြီးဇောင်ခရင်းကောက်သူများ၊ အလှခရုကောက်သူများ၊ ငါးရှာဖွေသည့်ရေလုပ်သားများ၊ ရေဆော့ကစားသူများဖြင့် ပြန်လည် အသက်ဝင်နေပြီဖြစ်သည်။

ရွှေသောင်ယံ(ပြန်/ဆက်)