မြောင်းမြ မေ ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်တို့သည် ယနေ့နံနက် ၉:၀၀ နာရီအချိန်က မြစိမ်းရောင်တောင်၊ သုဒဿန ဓမ္မာရုံတွင် ကျင်းပသည့် မြစိမ်းရောင် ဆရာတော်ဘုရားကြီး၏ သက်တော် နှစ် ၁၀၀ ပြည့် ဝိဇာတမွေးနေ့ ပူဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက် ပူဇော်လှူဒါန်းခဲ့သည်။
မြစိမ်းရောင်ဆရာတော်ဘုရားကြီး၏ သက်တော် နှစ် ၁၀၀ ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာအခမ်းအနားတွင် ပင့်သံဃာ အပါး ၁၀၀၀ အား ပင့်ဆောင်ပြီး မြတိဂုံစေတီတော်နှင့် ဆင်ဖြူတောင်စေတီတော်တို့ကို ဘုရားအနေကဇာတင်၊ ဆွမ်းသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ပူဇော်ပါသည်။
မင်္ဂလာအခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ မဟာထေရ် အရှင်သူမြတ်က ငါးပါးသီလနှင့် သမ္မောဒနီယ သြဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူပြီးနောက် ပင့်သံဃာ ၁၀၀၀ အပါးက ပရိတ်တရားတော်များ ရွတ်ဖတ် ချီးမြှင့်ပါသည်။
ဆက်လက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများ၊ အလှူရှင်များက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပါသည်။ မြို့နယ်အတွင်း စားရေရိက္ခာ ပေါကြွယ်ဝစေရန် မျိုးစပါးများ၊ မြစိမ်းရောင် သာသနာ့နယ်မြေအတွင်း ကွန်ကရစ်လမ်းခင်းရန်အလှူငွေတို့ကို အလှူရှင်များက ဆက်လက်လှူဒါန်းပါသည်။
ထို့နောက် မြောင်းမြမြို့ အလယ်တောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပါသည်။ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်းရွတ်ဆို ဘုရားကန်တော့ ဆုတောင်း၍ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး ပင့်သံဃာ အပါး ၁၀၀၀ အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(မြောင်းမြ)