အင်းစိန် ဇန်နဝါရီ ၂
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်အဆင့် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအတွက် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲကို အင်းစိန်မြို့နယ် မြို့သစ်(ဂ) ရပ်ကွက် ပိတောက်လမ်းပေါ်ရှိ ဥတ္တမဝံသ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ခန်းမ၌ ယနေ့နံနက် (၉)နာရီက ဖွင့်လှစ်ခဲ့သည်။
သင်တန်းမစတင်မီ အင်းစိန်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးမှ တက်ရောက်အဖွင့် အမှာစကားပြောကြားပြီး ခရိုင်အဆင့် ကြားဖြတ်လူဦးရေ သန်ခေါင်းစာရင်းကောက်ယူရေး ကော်မတီ ဥက္ကဋ္ဌ၊ မြောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပက်သက်၍ သင်တန်းသား၊ သင်တန်းသူတို့အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အစီအစဉ်အရ မြို့နယ်/ရပ်ကွက်/ကျေးရွာ ကိုယ်စားလှယ် သင်တန်းသား၊ သင်တန်းသူများက ဆွေးနွေးတင်ပြသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကာ သင်တန်းခန်းမအတွင်း ပြသထားသော ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရာ၌ အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုကာ သင်တန်းအား စတင်ခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၀၀) ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ ယနေ့ ဇန်နဝါရီ ၂ ရက်မှ ဇန်နဝါရီ ၁၂ ရက်အထိ ဖြစ်ကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)