စလင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား မကွေးတိုင်းဒေသကြီး အထူးကုဆရာဝန်ကြီးများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့)ဆေးကုသပေး

စလင်း မေ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင့်လွင်လိုက်ပါ၍ အထူးကုဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယမန်နေ့ နံနက် (၉) နာရီ ၃၀ မိနစ်အချိန်က သရက်ချဥ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ကညှပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့်ဆင်ဖြူကျွန်းမြို့ အမှတ်(၃) မြို့မအခြေခံပညာမူလတန်းကျောင်းများ၌ ရေဘေးသင့် ပြည်သူများနှင့် ဒေသခံပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြသည်။

စလင်းမြို့နယ်အတွင်း မေလ (၁၃) ရက်နေ့ညနှင့် မေလ (၁၄) ရက်နေ့များက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း၊ လေပြင်းတိုက်ခတ်၍ စလင်းချောင်းရေ မြှင့်တက်ရေကြီးရေလျှံခဲ့ကာ ရေကြီးနစ်မြုပ်မှုဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ဆေးဝါးကုသမှု အခက်အခဲမရှိစေရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် မကွေးတိုင်းဒေသကြီးမှ အထူးကုဆရာဝန်ကြီးများ၊  ပါရဂူများနှင့် တိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့များလိုက်ပါ၍၊ သားဖွားနှင့်မီးယပ်အထူးကု ဆရာဝန်ပါရဂူများ၊ ခွဲစိပ်အထူးကုပါရဂူများ၊ အထွေထွေရောဂါ အထူးကုပါရဂူများ၊ ကလေးအထူးကုဆရာဝန်များနှင့် အရိုးအကြောအထူးကုပါရဂူများ၊ သွားရောဂါပါရဂူများက ယာယီခိုလှုံရာစခန်းများမှ ပြည်သူများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများနှင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့် ကျေးရွာများမှ ရေဘေးရှောင်ပြည်သူများအား သွားရောဂါ၊ မျက်စေ့အားနည်းသော သက်ကြီးရွယ်အိုများ နာမကျန်းဖြစ်နေသော ကလေးသူငယ်များ၊  ရဟန်းသံဃာများနှင့် သီလရှင်ဆရာလေးများမှ လာရောက်၍ ဆေးကုသခံယူရာ (အခမဲ့) ဆေးကုသထိုးနှံ ပေးလျက်ရှိသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင့်နှင့်အတူ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်ဌာနဆိုင်ရာများ၊ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးထင်လင်းအောင်နှင့် နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနအကြီး အကဲများနှင့် အတူလှည့်လည်ကြည့်ရှုကာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်မှ ဒေသခံပြည်သူများအား တွေ့ဆုံ၍ ရေကြီးနစ်မြုပ်ဆုံးရှုံးခဲ့ရသည့် တောင်သူများအား ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စိုက်ပျိုးရေးများအကြောင်းကို တွေ့ဆုံမေးမြန်းခဲ့ပြီး  အားပေးစကားများပြောကြားကာ ဆင်ဖြူကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြရန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်၊စလင်းမြို့