ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူ မေ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်းစိုက်ဧက လေးသောင်းကျော် ကြိုးပမ်းစိုက်ပျိုးထားရှိရာ ယခုအခါ နွေနှမ်းစိုက်ခင်းများမှာ စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံက သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူများက နွေနှမ်းစိုက်ပျိုးရေးကို မဲဇလီရေလွှဲဆည်ရေဖြင့် မတ်လ ပထမပတ်က စတင်ကာ ကြိုးပမ်းစိုက်ပျိုးခဲ့ရာ ဧပြီလကုန်၌ နွေနှမ်းစိုက်ဧက ၄၈၀၇၈ ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် ယခုနှစ် နွေနှမ်းလျာထားစိုက်ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။

"ကျွန်မတို့ ပွင့်ဖြူမြို့နယ်အနေနဲ့ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နဲ့ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ရည်ရွယ်ပြီး တစ်မြို့နယ်လုံး နွေနှမ်းစိုက်ဧက ၃၀၈၈၀ ဧက လျာထား စိုက်ပျိုးဆောင်ရွက်ခဲ့ရာမှာ ဆည်ရေလုံလောက်စွာရရှိတဲ့အတွက် ဒေသခံတောင်သူတွေက နွေနှမ်းစိုက်ဧက ၄၈၀၇၈ ဧကအထိ စိုက်ပျိုးနိုင်ခဲ့၍ သတ်မှတ်လျာထားဧကထက် နွေနှမ်းစိုက်ဧက ၁၇၁၉၈ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ကျွန်မတို့ဒေသမှာ တောင်သူတွေ အဓိကစိုက်ပျိုးတဲ့ နှမ်းမျိုးတွေကတော့ စမုန်နက်၊ သိပ္ပံနှမ်းနက်၊ နှမ်းဖြူ၊ ဆင်းရတနာ နှမ်းမျိုးများကို အများဆုံးစိုက်ပျိုးကြပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေ မဲဇလီရေလွှဲဆည်ရေဖြင့် ကြိုးပမ်းစိုက်ပျိုးခဲ့တဲ့ နွေနှမ်းစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းလျက်ရှိနေပါတယ်။ နောက်ပြီး သီးနှံပိုးမွှားရောဂါ ကင်းဝေးစေရန်အတွက် သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းများကလဲ နွေနှမ်းစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး လိုအပ်တဲ့ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး၊ အချိန်အခါအလိုက် စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေရန် တောင်သူတွေကို အသိပညာပေးခြင်းများကို ကူညီအားဖြည့် ဆောင်ရွက်ပေးလျက်ရှိပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု(၅၆)အုပ်စု၊ ကျေးရွာပေါင်း ၂၀၅ ရွာရှိပြီး ဒေသခံတောင်သူများက စိုက်ပျိုးရေအဆင်ပြေမှုကြောင့် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြကြောင်း၊ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း ဒေသခံတောင်သူများက နွေစပါးနှင့် နွေနှမ်းကို ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် မဲဇလီရေလွှဲဆည်ရေကို စနစ်တကျ အသုံးချပြီး နွေစပါးနှင့် နွေနှမ်းစိုက်ဧက ၆၀၄၂၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)