သူနာပြုသင်တန်းကျောင်း(မကွေး)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေး မေ ၂၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က သူနာပြုသင်တန်းကျောင်း(မကွေး) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲအခမ်းအနားတွင် သူနာပြုသင်တန်းကျောင်း(မကွေး) ကျောင်းအုပ်(စီမံ)ဆရာမကြီး ဒေါ်သီတာဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင်ပတ်သက်၍ အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ ၂၀၂၃ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့”၏ ရည်ရွယ်ချက်များ၊ လူသားတို့၏ ပလတ်စတစ်သုံးစွဲမှု အခြေအနေများနှင့် ပလတ်စတစ်ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုအခြေအနေများ၊ မိမိတို့နိုင်ငံတွင် ပြဌာန်းထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့်ပတ်သက်၍  အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးပိုစတာများအား ပြသခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)