နည်းပညာတက္ကသိုလ်(ဘားအံ)၌ (၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ အပ်နှင်း

ဘားအံ မေ ၂၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (ဘားအံ)၏ (၁၈) ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မျိုးဆက်သစ် အင်ဂျင်နီယာများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့အခြေအနေအရပ်ရပ်ကို မျက်ခြည်မပြတ် လေ့လာပြီး ကြိုတင်မျှော်တွေး၍ တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားကို ကျရာကဏ္ဍမှနေပြီး တာဝန်ကျေပွန်စွာဖြင့် စိတ်စေတနာထား ဆောင်ရွက်ပေးကြစေလို ကြောင်း၊ မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာရေးကို နိုင်ငံတကာအဆင့်မီ ပညာရေးဖြစ်စေရန် လိုက်ပါဆောင်ရွက်ရာတွင်  မျက်မှောက်ခေတ် အင်ဂျင်နီယာပညာရေး၏ သွင်ပြင်လက္ခဏာများအပေါ် မူတည်ပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာရေးသည် နိုင်ငံနှင့် လူမျိုးတို့၏ အသက်ဝိဉာဉ် ဖွံ့ဖြိုးမှု၏ အခြေခံအုတ်မြစ်၊ လူ့အဖွဲ့အစည်း တည်းငြိမ်အေးချမ်းမှု၏ ဗဟိုဖြစ်သည့်အတွက် ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသော နိုင်ငံတော်၏ ဦးတည်ချက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် နှင့် တိုင်းရင်းသားညီအစ်ကိုများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေးကို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး အင်ဂျင်နီယာဘွဲ့ တက်ရောက်ယူကြမည့် ကျောင်းသား၊ကျောင်းသူများအား ငွေကျပ် ၇၄၀၀၀၀ (ခုနှစ်သိန်းလေးသောင်း)ကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် နည်းပညာတက္ကသိုလ် (ဘားအံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ် အမှူးပြုသော စီမံခန့်ခွဲရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များက အင်ဂျင်နီယာဘွဲ့အပ်နှင်းမည့် စင်မြင့်ထက်တွင် နေရာယူကြပြီး လိုအပ်သည့်ကတိ ခံဝန်ချက်များရယူကာ နည်းပညာတက္ကသိုလ်(ဘားအံ) ဒုတိယပါမောက္ခချုပ်က မြို့ပြအင်ဂျင်နီယာ(၁၅)ဦး၊ အီလက်ထရော နစ်အင်ဂျင်နီယာ(၇)ဦး၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ(၈)ဦး၊ စက်မှုအင်ဂျင်နီယာ(၈)ဦး စုစုပေါင်း(၃၈)ဦးအား ဘွဲ့လက်မှတ်များ အပ်နှင်းသည်။

ယင်းနောက် နည်းပညာတက္ကသိုလ်(ဘားအံ) ဒုတိယပါမောက္ခချုပ်က ဘွဲ့ရရှိသူများ စာရင်းကို လက်မှတ်ရေးထိုးပြီး ဘွဲ့နှင်းသဘင် အခမ်းအနားဆိုင်ရာ မိန့်ခွန်းပြောကြားကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ရုပ်သိမ်းသည်။

 အခမ်းအနားအပြီးတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘွဲ့ရ မောင်မယ်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်လာသော ၎င်းတို့၏ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၃ ခုနှစ် ၊ မြန်မာရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး အခြေခံသင်တန်းဆင်းပွဲကို မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယဉ်ကျေးမှု ပျောက်လျှင် လူမျိုးပျောက်မည်ဆိုသည့်အတိုင်း ယဉ်ကျေးမှုများ မပျောက်ပျက်အောင် ဆောင်ရွက်ပေးရန် လိုသကဲ့သို့ ရိုးရာယဉ်ကျေးမှု အစဉ်အလာများကိုလည်း ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးခဲ့သည့် အခြေခံမြန်မာ့ ရိုးရာ ယဉ်ကျေးမှုအနုသုခုမ ပညာရပ်များကို ဆက်လက်ပြန့်ပွားအောင် မိမိနေထိုင်ရာ ဒေသပတ်ဝန်းကျင်တွင် လက်ဆင့်ကမ်းသင်ကြားပေးသွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး သင်တန်းဆင်းပွဲအတွက် ငွေကျပ် ၅၀၀၀၀၀၀(သိန်းငါးဆယ်)ကို ထောက်ပံ့ပေးအပ်ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက အဆို၊ အက၊ အတီးများဖြင့် ပြန်လည်တီးခတ်၊ သီဆို၊ ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေး စကားများ ပြောကြားခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၃၅ ဦးမှ မေလ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့ သင်ကြားပြီးမြောက်၍ ယနေ့သင်တန်း ဆင်းခြင်းဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)