နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ မြောင်းမြမြို့နယ် "စစ်တန့်ဦး အောင်ပွဲရစေတီတော်မြတ်ကြီး" ၏ ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော် တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းနားသို့ တက်ရောက်

မြောင်းမြ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာရှိ စစ်တန့်ဦး အောင်ပွဲရ စေတီတော်မြတ်ကြီး"၏ ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော် တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းနားကို ယနေ့နံနက် ၇:၃၀နာရီ အချိန်က ဆောင်ရွက်ခဲ့ကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို "နမောတဿ"(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မြောင်းမြမြို့၊ ဇေယျာမေဒနီ ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒဝရ မဟာထေရ်မြတ် ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပါသည်။ ထို့နောက် ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များကို နာယူပြီး၊ ဘုရားဒါယကာ၊ ဒါယိကာမ၊ စေတနာရှင်၊ အလှူရှင်များနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များထံသို့ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်နှင့် ပရိတ်သဲများ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပါသည်။ ဘုရားဒါယကာ၊ ဒါယိကာမများနှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံဆင့်များကို ပင့်ဆောင်၍ ဒေဝါဝင်း ရာဇာဝင်းတို့ဖြင့် စေတီတော်အား လက်ယာရစ်(၃)ကြိမ် လှည့်လည်ပင့်ဆောင်ပူဇော်ပြီးနောက် နံနက် ၈ နာရီအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့အား အမွှေးနံသာများ ပတ်ဖျန်း၍ တာဝန်ရှိသူများက ရွှေထီးတော် တင်လှူပူဇော်ပါသည်။ ဆရာတော် သံဃာတော်များ ဦးဆောင်၍ "ဇယန္တော ဗောဓိယာ မူလေ"အစချီ ဇယမင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဖတ်ပူဇော် ဆရာတော်သံဃာတော် အရှင်သူမြတ်များက ဗုဒ္ဓဘိသေက အနေကဇာတင်တော်မူပြီး "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဆုတောင်း၍ မဟာမင်္ဂလာ အခမ်းအနားကို အောင်မြင်စွာ ပြီး​မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(မြောင်းမြ)