ဘားအံ မေ ၂၂
ကရင်တိုင်းရင်းသားမျိုးနွယ်စုအသင်းနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ကြီးမှူးကျင်းပသော နွေရာသီကရင်စာပေနှင့်ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ မဲစမိတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့်ပြည်နယ် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် မဲဆမိတ်ဆရာတော် ဘဒ္ဒန္တစန္ဒရအမှူးပြုသောဆရာတော်ကြီးများက သဘာပတိအဖြစ် ဆောင်ရွက်ကြပြီး သဘာ ပတိဆရာတော်ဘဒ္ဒန္တစန္ဒရက အဖွင့်ဩဝါဒကထာမြွတ်ကြားကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ရှေးယခင်ဘိုးဘွားမိဘများဖော်ထုတ်ခဲ့ကြသည့် ကိုယ်ပိုင်စာပေ၊ ဘာသာစကား၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ရေရှည်တည်တံ့အောင်နှင့် တိုးတက်ပြန့်ပွားလာအောင် တာဝန်ရှိပုဂ္ဂိုလ်များက ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအခမ်းအနားများ၊ နေ့ထူးနေ့မြတ်အခမ်းအနားများကျင်းပပြုလုပ်နိုင်ရန်နှင့် စာပေဘာသာစကားများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် နှစ်စဉ်ဘဏ္ဍာငွေများတိုးမြှင့်လျာထားပြီး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစားဖွံ့ဖြိုး တိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍတို့တွင် ဘက်ပေါင်းစုံဖွံ့ဖြိုး တိုးတက်မှုရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့၏ ရိုးရာဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရင်း မိမိလူမျိုးအတွက် ကောင်းမွန်သည့်အမွေကောင်းများထားခဲ့နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီကရင်စာပေနှင့်ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲအတွက် ငွေကျပ် သိန်း(၈၀)ကို ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းသင်တန်းဆင်းပွဲကျင်းပရေးကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပိုင်ကျုံမြို့စုပေါင်းယဉ်ကျေးမှုဒုံးအဖွဲ့က ဒုံးအကဖြင့်တီးမှုတ်သီဆိုကပြဖျော်ဖြေကြပြီး ယနေ့စုပေါင်းသင်တန်းဆင်းပွဲတွင် ကျေးရွာပေါင်း(၃၀)မှ သင်တန်းသား၊သင်တန်းသူပေါင်း ၅၀၀၀ ကျော်သင်တန်း ဆင်းကြပြီး ထူးချွန်ဆုပေါင်း ၁၁၀ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကာ ဒုံအဖွဲ့ပေါင်း ၁၁ ဖွဲ့နှင့် သီချင်း၊ ကဗျာ၊ တေးသရုပ်ဖော် ၁၅ ဖွဲ့တို့ဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)