ဒေးဒရဲ မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မေလ ၂၀ ရက်နေ့ နံနက်(၁၁)နာရီက လေးအိမ်တန်းကျေးရွာအုပ်စု၊ စိန်လေးကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ဒေသခံတောင်သူ များ အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်မည့် လုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်အခွင့်အလမ်းများရရှိရေး အချိန်မီကျောင်းအပ်နိုင်ရေး လုပ်ငန်းများကို မှာကြား ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မိမိကျေးရွာအတွင်းရှိ ပြည်သူများ လူမှုစီးပွားဘဝများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန်၊ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် မိမိရပ်ရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက် ပေးကြရန် ဆွေးနွေးခဲ့ပြီး အတွင်းရေးမှူး ရဲမှူး သက်နိုင်ဦးက ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ဆွေးနွေးခြင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုလဲခဲ့သည့် မိသားစုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ကျေးရွာအတွင်းရှိ ကျောင်းသား၊ ကျောင်းသူမိဘများအား တွေ့ဆုံ၍ အချိန်မီ ကျောင်းအပ်နှံရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တွေ့ဆုံပြောကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း