ဧရာ၀တီတိုင်းအတွင်း ညမထွက်ရအမိန့်ကို ချိုးဖောက်တွေ့ရှိ ဖမ်းဆီးမိသူ ၆၂၄ ဦးရှိနေ

ပုသိမ်  အောက်တိုဘာ  ၇

ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ညမထွက်ရအမိန့်ကို ချိုးဖောက်ပြီး တွေ့ရှိသူ အောက်တိုဘာလ ၅ ရက်နေ့အထိ ၆၂၄ ဦးရှိခဲ့ပြီး အားလုံးကို ထောင်ဒါဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ရောဂါ အခြေအနေကြောင့် ညမထွက်ရ အမိန့်ကို ဧပြီလ ၂၁ ရက်နေ့မှ စတင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အမိန့်ကိုချိုးဖောက် တွေ့ရှိဖမ်းဆီးမှုမှာ ပုသိမ်ခရိုင်တွင် ၁၀၄ မှုတွင် အရေးယူခံရသူ ၂၉၁ ဦး၊ ဟင်္သာတခရိုင်တွင် ၇၃ မှုတွင် အရေးယူခံရသူ ၉၅ ဦး၊ မအူပင်ခရိုင် တွင် အမှု ၄၂ မှုတွင် အရေးယူခံရသူ ၇၀ ဦး၊ ဖျာပုံခရိုင်တွင် အမှု ၂၇ မှုတွင် အရေးယူခံရသူ ၅၆ ဦး၊ မြောင်းမြခရိုင်တွင် အမှု ၅၅ မှုတွင်အရေးယူ ခံရသူ ၆၉ ဦးနှင့် လပွတ္တာခရိုင်တွင် အမှု ၂၂ မှုတွင် အရေးယူခံရသူ ၄၃ ဦးဖြစ်သည်။

တိုင်းဒေသကြီအတွင်း အမှုပေါင်း ၃၂၃ မှုတွင် ညမထွက်ရ အမိန့်ကို ချိုးဖောက်သူ ၆၂၄ ဦးရှိကြောင်း ဧရာ၀တီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

တွေ့ရှိဖမ်းဆီးရမိသူ အားလုံးကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှုးများမှ တရားလိုပြုလုပ်ပြီး ထောင်ဒါဏ်များ အပြစ်ပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဆက်လက်ပြီးလည်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)