ပုသိမ် မေ ၂၂
ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများအား ကျောင်းဖွင့်ချိန်အမီ အသင့်ဖြစ်စေရေး သန့်ရှင်းရေးလုပ်ငန်းများ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနှင့် စာသင်ဆောင်များ ပြင်ဆင်ဆောင်ရွက်ခြင်းများနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများအား တစ်တိုင်းလုံးအနေဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ပြည်သူများမှ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မေလ (၂၀)ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာအထက်တန်းများသို့ သွားရောက်၍ သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွား စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးလုပ်ငန်းများ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနှင့် စာသင်ဆောင်များ ပြင်ဆင် ဆောင်ရွက်ခြင်းများနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး သန့်ရှင်းရေးလုပ်ငန်းများ အချိန်မီ ပြီးစီးစေရေး ဆောင်ရွက်ရန်၊ သစ်ပင်ကိုင်းများ ခုတ်ထွင်ရှင်းလင်း၍ အလင်းရောင်ကောင်းစွာ ရရှိစေရေး ဆောင်ရွက်ရန်နှင့် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နည်းပညာတက္ကသိုလ် (ပုသိမ်)၏ (၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်၍ နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် သင်တန်းကာလ (၆)နှစ်ဖြင့် မြိူ့ပြအင်ဂျင်နီယာသင်တန်း၊ အီလက်ထရောနစ် အင်ဂျင်နီယာသင်တန်း၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်းနှင့် သုတနည်းပညာ အင်ဂျင်နီယာသင်တန်းတို့ကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါကြောင်း၊ အင်ဂျင်နီယာအတတ်ပညာများသည် လက်တွေ့ကျပြီး လူ့လောက ပတ်ဝန်းကျင်အတွက်များစွာ အကျိုးပြုလျက်ရှိပါကြောင်း၊ ကောင်းမွန်သည့် အသက်မွေးမှု အတတ်ပညာများကို မောင်မယ်တို့သည် မလျော့သောဇွဲ၊ တည်ငြိမ်တည့်မတ်သော စိတ်တို့နှင့် အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့ကြ၍လည်း ယခုလို တက္ကသိုလ်က ပေးအပ်သည့် ဘွဲ့များကို ဆွတ်ခူးနိုင်ကြခြင်း ဖြစ်ပါကြောင်း၊ မောင်မယ်တို့ အနေဖြင့် ယနေ့ ချီးမြှင့်လိုက်သည့် ဘွဲ့ဒီဂရီအသီးသီးကို ဆွတ်ခူးရုံမျှဖြင့် မောင်မယ်တို့ရဲ့ ဘဝပန်းတိုင် ပြီးဆုံးပြီလို့ မမှတ်ယူကြဘဲ အင်ဂျင်နီယာ နည်းပညာဆိုင်ရာ အခြေခံကောင်းများကို အတိုင်းအတာတစ်ခုအထိ လေ့လာဆည်းပူး ပြီးစီးခြင်းရဲ့ အထိမ်းအမှတ် တစ်ခုသာဖြစ်တယ်လို့ မှတ်ယူကြစေလိုကြောင်း၊ မောင်မယ်တို့အနေဖြင့် သက်ဆိုင်ရာ အထူးပြုဘာသာရပ်များအလိုက် နည်းပညာတက္ကသိုလ်(ပုသိမ်)မှ အင်ဂျင်နီယာဘွဲ့ အသီးသီးကို ထူးချွန်စွာ ကြိုးပမ်းအားထုတ်ခဲ့မှုများကို ရပ်တန့်မနေဘဲ နည်းပညာရပ်များကို တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်အောင် ဆက်လက်လေ့လာ သင်ယူနေကြရန်၊ တီထွင်ဆန်းသစ်မှုတွေရှိဖို့ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် ကြိုးစားကြရန်နှင့် အင်ဂျင်နီယာပညာရှင်များရဲ့ ကျင့်ဝတ်များကို စောင့်ထိန်းကြရမှာ ဖြစ်ပါကြောင်းနှင့် အနာဂတ်မြန်မာနိုင်ငံအတွက် စံထားလေးစားအပ်သော နည်းပညာတက္ကသိုလ်(ပုသိမ်) ဂုဏ်ဆောင် အင်ဂျင်နီယာပညာရှင်များ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နည်းပညာတက္ကသိုလ်(ပုသိမ်)အတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ဒုတိယပါမောက္ခချုပ်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။ ယနေ့ကျင်းပသည့် နည်းပညာတက္ကသိုလ်(ပုသိမ်)၏ (၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်ဘွဲ့ယူသူ (၇၄)ဦး၊ အဝေးရောက်ဘွဲ့ယူသူ (၄၂)ဦး၊ စုစုပေါင်းဘွဲ့ရ မောင်၊ မယ် (၁၁၆)ဦးရှိကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကျုံပျော်ခရိုင်၊ အထောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထွဋ်မိသားစုနှင့် ထွဋ်ဖောင်ဒေးရှင်းတို့က မတည်၍ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် မျက်စိ ဝေဒနာရှင်များအား အခမဲ့စမ်းသပ်၊ ခွဲစိတ်ကုသပေးနေမှုများအား ကြည့်ရှုအားပေးပြီး မျက်စိကျွမ်းကျင်ပညာရှင်များအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)