မင်းလှ မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) ရန်ကုန်မြို့၏ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးက တောင်သူများ အနေဖြင့် သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မှီ ပြေကျေစွာပေးဆပ်ပြီးနောက် ချေးငွေရယူခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်ဖွံဖြိုးရေးအတွက် ဘဏ်နှင့်တောင်သူများအကြား နှစ်ကာလရှည်ကြာစွာ အတူလက်တွဲ ဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး၊ ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဒေါ်မိုးသီတာက ချေးငွေထုတ်ယူရေးနှင့် အချိန်မှီပြန်လည် ပေးဆပ်ရေးကိစ္စရပ်များကို ပြောကြားသည်။
ဆက်လက်၍ အထွေထွေမန်နေဂျာဦးအောင်ဇော်မိုးက စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးမှု ကောက်ခံမှုများတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သော ချေးငွေစိစစ်ရေးအဖွဲ့အား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ကျေးရွာအုပ်စုပေါင်း (၅၆)အုပ်စုမှ အချိန်စေ့လွန်ကြွေးဟောင်းကြွေးကျန်မရှိ ချေးငွေအား လုံးပြေကြေသည့် ရှမ်းကုန်းကျေး ရွာအုပ်စုမှတောင်သူ(၄၀)ဦး၏ ဧက ပေါင်း(၂၅၉)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ် (၃၈၈၅၀၀၀၀)သိန်းအား အထွေထွေမန်နေဂျာဦးအောင်ဇော်မိုးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးယူမည့် ကျေးရွာအုပ်စုပေါင်း(၅၆)အုပ်စုမှ တောင်သူ(၆၇၂၃)ဦး၏ စပါးစိုက်ဧကပေါင်း (၄၆၉၃၂) ဧကအတွက် တစ်ဧကလျှင်တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ်(၇၀၃၉.၈၀)သန်းအား စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးရန် လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ပေါက်စ(မင်းလှ)