ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

ပွင့်ဖြူ      မေ     ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါး၊ မိုးနှမ်းနှင့် အခြားမိုးသီးနှံ အချိန်မီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် မေ ၁၈ ရက်နေ့က စတင်ပြီး ယခင်နှစ်က ချေးငွေပြေကြေစွာ ပေးဆပ်ပြီးစီးသည့် တောင်သူဦးကြီးများကို ၂၀၂၃ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို စတင်ထုတ်ချေးပေးနေပြီဖြစ်ကြောင်း အဆိုပါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင် ထံက သိရသည်။

ထိုသို့ ဒေသခံတောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာအုပ်စုနှင့် လယ်လှကုန်းကျေးရွာအုပ်စုမှ ယခင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေ ပြေကြေစွာ ပေးဆပ်ပြီးစီးသည့် တောင်သူ ၅၁ ဦးအား ၂၀၂၃ ခုနှစ်အတွက် မိုးစပါး၊ မိုးနှမ်းနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် စပါးစိုက်ပျိုးမှု တစ်ဧကလျှင် ချေးငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံ စိုက်ပျိုးမှုအတွက် တစ်ဧက ကျပ် တစ်သိန်းနှုန်းဖြင့် မိုးစပါးသီးနှံ ၂၄၅ နှင့် မိုးနှမ်းသီးနှံ ၅၃ ဧကတို့အတွက် စုစုပေါင်း ချေးငွေကျပ် ၄၂၀ ဒသမ ၅၀ သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း၊ ဦးစွာ တောင်သူများကို ချေးငွေမထုတ်ချေးမီ မြို့နယ်ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင် က သီးနှံအမျိုးအစားအလိုက် ချေးငွေထုတ်ချေးမည့် အစီအစဉ်နှင့် ချေးငွေနှုန်းထားများ၊ ချေးငွေပြန်လည်ပေးဆပ်ရမည့် စည်းကမ်းသတ်မှတ်ချက်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း  သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရမည့် ကျေးရွာအုပ်စုပေါင်း ၅၁ အုပ်စုရှိပြီး ဒေသခံတောင်သူများ မိုးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက်  ချေးငွေကျပ်သိန်းပေါင်း ၂၂၀၀၀ ထုတ်ချေးပေးရန် လျာထားရှိကြောင်းနှင့် ချေးငွေထုတ်ချေးပေးခြင်းအား မေ ၁၈ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့ အထိ ရုံးဖွင့်ရက်များတွင် နေ့စဉ် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင် က ထံမှ သိရသည်။    

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)