လှိုင်းဘွဲ မေ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် ကရင်တိုင်းရင်းသားမျိုးနွယ်စုများအသင်းမှ ဦးစီးကျင်းပသော နွေရာသီကရင်စာပေနှင့်ယဥ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ဌာနဆိုင်ရာများက တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် မဲဆမိတ်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒရက ဩဝါဒမြွက်ကြားခဲ့ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိစာပေသည် မိမိလူမျိုးကို ကိုယ်စားပြုခြင်း၊ လူမျိုး၊စာပေ၊ ယဥ်ကျေးများကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ လူငယ်များအနေဖြင့် ခေတ်နှင့်အညီ ပညာရပ်များကို တတ်မြောက်ရန် ကြိုးစားသင်ယူလေ့လာခြင်းတို့ကို အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ကရင်စာပေနှင့်ယဥ်ကျေးမှုသင်တန်းတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ပြီး သင်တန်းဆင်းပွဲ ကျင်းပရေးကော်မတီ အတွင်းရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ကရင်စာပေနှင့်ယဥ်ကျေးမှုသင်တန်းကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာ(၃၀)ရွာမှ သင်တန်းသား (၂၀၀)ဦး၊ သင်တန်းသူ(၄၂၀)ဦး စုစုပေါင်း(၆၂၀)ဦးဖြင့် ဧပြီလ(၁၈)ရက်နေ့မှ စတင်ကာ မေလ(၁၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ ဆက်)