မြန်အောင် မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခု မိုးစပါး တစ်ဧက (၁၀) တင်းနှုန်း တိုးတက်ထွက်ရှိရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ ညနေ့က မြန်အောင်မြို့နယ်၊ တာခွတဲကြီးကုန်းကျေးရွာအုပ်စု စနစ်ကျလယ်ယာမြေ ရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်တို့က မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း တိုးတက်ထွက်ရှိရေး တောင်သူအသိပညာပေး ပြောကြားခဲ့ကြပြီး အင်ပင်၊ ငှက်ကြီးကွင်း၊ သဲဘို့၊ ဆန်နီချောင်၊ ထန်းသုံးပင်အုပ်စုမှ တောင်သူများတက်ရောက်ကြသည်။
မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း တိုးတက်ထွက်ရှိရေးအတွက် မြေဆီလွှာပြုပြင်ထိန်းသိမ်းခြင်း၊ မျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်စနစ်ပြောင်းလဲစိုက်ပျိုးခင်း၊ စိုက်ချိန်ပြောင်းလဲစိုက်ပျိုးခြင်း၊ သွင်းအားစု(မြေသြဇာ)အချိန်ကိုက်၊ အချိုးညီသုံးစွဲခြင်း စသည့်အချက်များဖြင့် မိုးစပါးစိုက်ပျိုးကြရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူအသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်အောင် (ပြန်/ဆက်)