မင်းဘူး မေ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများ လယ်ယာသုံးစက် ကိရိယာများကို ရင်းနှီးကျွမ်းဝင်ပြီး တွင်ကျယ်စွာ အသုံးလာစေရန်နှင့် စိုက်ပျိုးရေးသွင်းအားစု ကုန်ကျစရိတ်များ သက်သာစေရန် ရည်ရွယ်၍ နေကြာမျိုးစေ့ချ ကိရယာ (Seeder)ဖြင့် မိုးနေကြာ စံပြကွက် ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မောင်းမကန်ကျေးရွာ တောင်သူ ဦးစန်းဦး၏ ယာမြေ၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် စက်မှုလယ်ယာဦးစီးဌာန၊ မင်းဘူးမြို့ အမှတ်(၈)စက်မှု လယ်ယာစခန်းမှ ဦးဆောင်ပြီး စက်ယန္တရားပံ့ပိုး၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာ တစ်ဧက အထွက်နှုန်း တိုးတက်စေရေးအတွက် မျိုးစေ့၊ သဘာဝမြေဆွေး၊ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေး သွင်းအားစု ကုန်ကျစရိတ်ကျစရိတ်များ ကူညီပံ့ပိုးပေးပြီး မောင်းမကန်ကျေးရွာ ကွင်းအမှတ် (၁၃၄၆) တောင်သူ ဦးစန်းဦး၏ ယာမြေ(၇)ဧကအတွင်း၌ ခြောက်တန်းသွား နေကြာမျိုးစေ့ချကိရယာ (Seeder)ဖြင့် အထွက်တိုး စံပြကွက် ရေဆင်း-၁ မိုးနေကြာကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
“ကွင်းသရုပ်ပြ စိုက်ကွက်နဲ့ စံပြကွက်ကို (၇)ဧကလုံး မိုးနေကြာသီးသန့် စိုက်ပျိုးသွား မှာပါ။ စက်နဲ့စိုက်တာကတော့ အချိန်ကုန်သက်သာပြီး အလုပ်သမားခ ကုန်ကျမှု သက်သာတယ်။ မျိုးစေ့လည်း အကျညီတာပေါ့။ အရင်ကတော့ သမရိုးကျ လူနဲ့စိုက်တာ တစ်ဧက မျိုးစေ့ ၄ ပြည်လောက်ကုန်တယ်။ အခုစက်နဲ့စိုက်တာ တစ်ဧက မျိုးစေ့ ၂ ကျော်ပဲကုန်တာဆိုတော့ မျိုးစေ့ကုန်ကျမှုက ထက်ဝက်နီးပါး သက်တယ်။ စက်နဲ့စိုက်တာ ဆိုတော့ ဒီဇယ်တစ်ဂါလံခွဲလောက်တော့ကုန်တယ်။ အခက်အခဲက မျိုးစေ့ချကိရိယာမှာ မျိုးစေ့ထည့်တဲ့ခွက်က အဖုံးမပါတာ ရယ်၊ ယာမြေက အနိမ့်အမြင့်မညီတော့ မျိုးစေ့အကျ မှန်အောင် စက်ကိုထိန်း မောင်းနေရတာရယ် အဲလောက်ပါပဲ။ ကျန်တာအားလုံးက အဆင်ပြေ ပါတယ်”ဟု မောင်းမကန်ကျေးရွာမှ ဒေသခံတောင်သူ ဦးစန်းဦးက ပြောသည်။
မျိူးစေ့ချရိယာကို အသုံးပြုစိုက်ပျိုးခြင်းအားဖြင့် ဒေသခံတောင်သူများ မိုးကောင်း သောက်ယာမြေများတွင် လုပ်သားအင်းအားကုန်ကျမှုနှင့် လုပ်သားရှာပါးမှု ပြသနာကို ဖြေရှင်း ပေးနိုင်ခြင်း၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို စိုက်ပျိုးနိုင်ခြင်း၊ စိုက်ပျိုးရေးသွင်းအားစု ကုန်ကျစရိတ် သက်သာခြင်း၊ တောင်သူနှင့် စိုက်ပျိုးရေးသုံးစက်ကိရိယာများ ရင်းနှီးကျွမ်းဝင် မှုရှိလာပြီး တွင်ကျယ်စွာ အသုံးပြုလာနိုင်စေရန်အတွက် ယခုလို ကွင်းသရုပ်ပြ စိုက်ပျိုးရခြင်း ဖြစ်ကြောင်း၊ နေကြာမျိုးစေ့ချကိရိယာဖြင့် စက်ငှားရမ်းစိုက်ပျိုးမည်ဆိုပါက တစ်ဧကကို ငွေ ၂၅၅၀၀ ကျပ် ကုန်ကျမည်ဖြစ်ကြောင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မင်းဘူးမြို့ အမှတ်(၈)စက်မှု လယ်ယာစခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးအောင်မျိုးမြင့်ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)