ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်၍ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မေလ(၁၉)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်၍ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် မိရိုးဖလာ စိုက်ပျိုးသည့် စိုက်စနစ်များ၊ မျိုးများအား ပြောင်းလဲဆောင်ရွက်သွားရမှာဖြစ်ပြီး တောင်သူများနားလည်နိုင်သည့် ရိုးရှင်းသော စိုက်ပျိုးရေးအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့မှ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ စိုက်ပျိုးရေရရှိရေးနှင့် စိုက်ပျိုးမြေစမ်းသပ်ဓါတ်ခွဲခြင်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမား လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိခြင်းနှင့် ခိုင်မာသည့် ဈေးကွက်ရရှိခြင်းတို့အတွက်လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ အဓိကသီးနှံဖြစ်သော စပါးအားနှစ်စဉ်ကြဲခင်းစနစ် လျော့နည်းပပျောက်စေရေး အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်သလို တစ်ဘက်မှာလည်း အစေ့ချစနစ် (Drum Seeder) များ၊ ပျိုးထောင်စနစ် တိုးချဲ့ဆောင်ရွက်နိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ကြဲခင်းများသည့် ဒေသများအား ကွင်းဆင်း၍ အစေ့ချစနစ် (Drum Seeder) များ၊ ပျိုးထောင်စနစ်ဖြင့် စံပြကွက်များ ဖော်ထုတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် သီးနှံအလိုက် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေး အသိပညာပေး စည်းရုံးဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ (၁)သီးစိုက်ပျိုးသည့် မြေနေရာများတွင် စားဖိုဆောင်သီးနှံများ ထပ်မံစိုက်ပျိုးနိုင်ရေး လိုအပ်ချက်များ စိစစ်တင်ပြပေးရန်နှင့် စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေး အလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်ဆောင်ရွက်မည့် အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့မှုပေါ် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးက မြို့နယ်အလိုက် စိုက်ပျိုးစွမ်းအား မြှင့်တင်ပေးနိုင်ရေး မျိုးကောင်းမျိုးသန့် အချိန်မီရရှိရေး၊ Drum Seeder များ ဖြန့်ဝေပေးနိုင်ရေးနှင့် မြေပြင် စာရင်းဇယားအချက်အလက်များ ကောက်ယူနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ယခင်နှစ်ကာလတူ နှိုင်းယှဉ်ချက်များအပေါ် အားသာချက်၊ အားနည်းချက်များအား အကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်း ညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်တွင် သီးထပ်စွမ်းအား (၆၈.၀၆)% နှင့် သီးနှံစိုက်စွမ်းအား (၁၇၁.၅၆)% မှ  ၂၀၂၃-၂၀၂၄ ခုနှစ်တွင် သီးထပ်စွမ်းအား (၇၈.၆၄)% နှင့် သီးနှံစိုက်စွမ်းအား (၁၈၀.၉၉)%  တိုးတက်ရရှိရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)