ဝန်းသိုမြို့ Community Centre ခန်းမတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို ဆွေးနွေးပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

ဝန်းသို မေ ၂၁

၂၀၂၃ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အကြိုဆွေးနွေးပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမတွင် ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခွင်ကြည်က သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားရခြင်းအကြောင်း၊ ဂေဟစနစ်အကြောင်း၊ ပလပ်စတစ်အမှိုက်အကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး နည်းလမ်းများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူလေးများက သစ်တောပြုန်းတီးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအကြောင်း၊ နှစ်ပေါင်းများစွာ မပျက်စီးနိုင်သည့် ပလပ်စတစ်နှင့် စွန့်ပစ်အမှိုက်များအကြောင်း၊ ရေထု၊ လေထုညစ်ညမ်းမှုဖြစ်စေနိုင်သည့် အခြေခံအကြောင်းအရင်းများစသည့် သိရှိလိုသောအကြောင်းအရာများကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် ပတ်သက်သည့် လေ့လာမှတ်သားဖွယ်ရာ  စာအုပ်/စာစောင်နှင့် နံရံကပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်း