လွိုင်ကော် မေ ၂၁
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင်နှင့်အဖွဲ့က အခြေခံပညာ အထက်တန်းကျောင်း(နာနတ်တော)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (ထေးငှားလျား)နှင့် အခြေခံပညာ အထက်တန်းကျောင်း(ပန်ကန်း) ကျောင်းများ၌ ဌာနဆိုင်ရာအသီးသီးရှိဝန်ထမ်းများ၊ လွိုင်ကော်တပ်နယ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက ကျောင်းဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများ၊ ကျောင်းအဆောက်အဦသစ်များဆောက်လုပ်ပြီးစီးမှု၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး ပြုပြင်နေမှုများနှင့် စာသင်ခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းများအားလုံးနှင့် သက်မွေးပညာကျောင်းများ တွင်မေလ ၂၃ ရက်နေ့မှ စတင်ကျောင်းအပ်နှံနိုင်ပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းစတင် ဖွင့်လှစ်မည် ဖြစ်၍ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာနှင့် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းအဆောက်အဦများ ဥပဓိရုပ် ကောင်းမွန်စေရေး၊ စာသင်ခန်းများနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိနိုင်ရေးတို့အတွက် ဆရာ၊ ဆရာမများက သက်ဆိုင်သည့်ဌာနများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြရန်၊ ဆရာ၊ ဆရာမများက သင်ကြားရေးနှင့်သက်ဆိုင်သောပညာရပ်များကိုလည်း ခေတ်စနစ်နှင့်အညီ စဉ်ဆက်မပြတ် လေ့လာထားကြရန်နှင့် စာသင်ခန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အလားတူပင် ပြည်နယ်အတွင်းရှိ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ် အသီးသီးတို့၌ အခြေခံပညာကျောင်းများတွင် လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)