ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စု၊ ပုညရာဇာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်ကာ ကျန်းမာရေးအဖွဲ့မှ ဒေသခံများအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster ထိုးနှံပေး

ငွေဆောင် မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာသို့ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပုသိမ်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ငွေဆောင်မြို့ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ယမန် နေ့နံနက်(၉း၁၅)နာရီအချိန်တွင် ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စု၊ ဆင်မကျေးရွာ၊ ပုညရာဇာဘုန်းတော်ကြီးရှိဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဝင်းအောင်နှင့် ကျန်းမာရေးအဖွဲ့မှလည်း ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့များမှ တွေ့ဆုံပွဲအား ဆင်မကျေးရွာအုပ်စု၊ ပုညရာဇာ ဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံတွင်ပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဒေသခံပြည်သူများ၏ ဒေသအကျိုးဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကောင်းမွန်ရေး၊ CleanCity, GreenCity နှင့်အညီဖြစ်စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကျန်းမာရေး ကောင်းမွန်စေရေး စသည့်အချက်များအား မှာကြားဆွေးနွေးပါသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ရဲရန်အောင်မှ ပြည်သူများ၏ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းပြကာ ကျန်မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မိမိတို့ဌာနနှင့်သက်ဆိုင်သည့်ကိစ္စရပ်များ၊ လုပ်ငန်းများအကြောင်းရှင်းပြကာ ပြည်သူများတင်ပြသည့် လျှပ်စစ်မီးလင်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ဆင်မကျေးရွာအုပ်စုမှ ဒေသခံပြည်သူ ၂၀၀ခန့် လာရောက်ခဲ့သည်။ ထို့နောက်ပုသိမ်မြို့နယ် ဆရာဝန်ကြီးဒေါက်တာတင်ဝင်းအောင် ဦးဆောင်သော ကျန်းမာရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း Booster ထိုးနှံခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

R – O14 (ငွေဆောင်)