ပဲခူးမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူး မေ ၂၁

ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန ရောဂါပိုးမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတဆင့် ကူးစက်တတ်သောရောဂါ နှိမ်နင်းရေးဌာန(ရ.ပ.က.န)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာပန်းမာလာမြတ်ကို ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။

ရောဂါပိုးမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတဆင့် ကူးစက်တတ်သော ရောဂါနှိမ်နင်းရေးဌာန(ရ.ပ.က.န)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာပန်းမာလာမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများသည် သဘာဝဘေးကျရောက်သော အခြားပြည်နယ်များသို့သွားရောက်ကူညီရန် အသင့်စောင့်ဆိုင်းနေသည့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များပူးပေါင်းပြီး ကျွန်းသာယာရပ်ကွက်၊ ပြည်တော်သာလမ်းအတွင်းသို့သွားရောက်၍  လမ်းအတွင်းရှိမိသားစုများအား သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အသိပညာပေးဆွေးနွေးခြင်း၊ နေအိမ်များရှိ ရေကန်၊ ရေအိုး၊ ပန်းအိုးများ၊ ရေဝပ်ရာနေရာများတွင် ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ ဆက်)