ပုသိမ် မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ စာသင်ကျောင်းများတွင် ကျောင်းသား/သူများနှင့် ဆရာ/မများ စိတ်အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ကြစေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိစေရေးအတွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အထောက်အကူပြုအဖွဲ့များက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းဝန်းအတွင်းရှိခြုံနွယ်များ၊ ပေါင်းမြက်များနှင့်အမှိုက် များရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်၍ စာသင်ခုံများသန့်ရှင်းသပ်ရပ်မှုရှိစေရေး ပြင်ဆင်ဆောင်ရွက်ခြင်းများဖြင့် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ အဆိုပါသန့်ရှင်းရေး ဆောင်ရွက်သည့် နေရာများသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ မှာကြားခဲ့ကြကြောင်း သိသည်။
မြင့်ဟန်