မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် နေပြည်တော်သို့ လေ့လာရေးခရီးစဉ်သွားရောက်ကြမည့် အခြေခံပညာကျောင်းအခြေပြု ကင်းထောက်လူငယ်များအား ပို့ဆောင်နှုတ်ဆက်အားပေး၊ တိုင်းပြည်သူ့ဆေးရုံကြီး (၅)ထပ်ဆောင်တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှု

မကွေး မေ ၂၁

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက် ၆ နာရီခွဲ အချိန်က နေပြည်တော်သို့(၂၀-၅-၂၀၂၃)ရက်နေ့မှ (၂၁-၅-၂၀၂၃)ရက်နေ့ထိ (၁)ညအိပ် (၂) ရက် လေ့လာရေးခရီးစဉ် သွားရောက်မည့် မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းအခြေပြု ကင်းထောက်လူငယ်များအား စုရပ်ဖြစ်သည့် တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့သို့ သွားရောက် တွေ့ဆုံ၍  ပို့ဆောင်နှုတ်ဆက် အားပေးခဲ့သည်။

အဆိုပါ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းအခြေပြု ကင်းထောက်လူငယ်များ၏ နေပြည်တော်(၁)ညအိပ် (၂) ရက် လေ့လာရေး ခရီးစဉ်တွင် ကြီးကြပ်အုပ်ချုပ်သူ ဆရာ၊ဆရာမ (၁၂)ဦးနှင့် ကင်းထောက်မောင်/ မယ်(၆၈)ဦး လိုက်ပါကာ၊ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်၊ ဗုဒ္ဓဂါယာ၊ တပ်မတော်စစ်သမိုင်းပြတိုက်၊ ဆာဖာရီဥယျာဉ်၊ အမျိုးသားပြတိုက်၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်နှင့် အမျိုးသားစာကြည့်တိုက်၊ ရေပန်းဥယျာဉ်နှင့် နေပြည်တော် မြို့မဈေးတို့အား လေ့လာရေးခရီးစဉ်အဖြစ် သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်သည် မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိုးတင်လတ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါကာ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အသီးသီးတွင် သန့်ရှင်းသာယာလှပရေးအတွက် အပတ် စဉ်(စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး၊ ယနေ့နံနက် ၇ နာရီအချိန်က တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး (၅)ထပ်ဆောင်တွင်  စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးသည်။

ထို့သို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နယ်မြေခံတပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများ  စုပေါင်း၍ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး (၅)ထပ်ဆောင်နှင့် ဆေးရုံပတ်ဝန်းကျင် သာယာလှပရေး မြက်ပင်များနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊  ပန်းခြံများအတွင်းရှိ အပင်များ ရှင်သန်ကြီးထွားရေးအတွက် မြေဆွပေးခြင်းနှင့် အလှမြက်ပင်များအား မြက်ရိတ်စက်များဖြင့် စနစ်တကျ ရိတ်သိမ်းခြင်း၊ အဆောက်အအုံနှင့် မလွတ်ကင်းသော သစ်ကိုင်းများအား ရှင်းလင်းပေးခြင်း၊ ရေမြောင်း များအတွင်း ရေစီးရေလာ ကောင်းမွန်စေရေး အမှိုက်များ ဆယ်ယူခြင်းနှင့် အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန် ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံကြီးသည် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေး ကုသစောင့်ရှောက်ရေး လုပ်ငန်းများအတွက် အဓိက မှိခိုအားထားရသော ဆေးရုံကြီးဖြစ်ပြီး ကျန်းမာရေးကုသစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးကုသမှုဆောင်ရွက်သူများနှင့် ဆေးကုသရန် လာရောက်သည့် ပြည်သူများ စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်ရေးအတွက် ဆေးရုံကြီးအတွင်း သန့်ရှင်း သာယာလှပရေးလုပ်ငန်းများသည် လွန်စွာအရေးကြီးကြောင်း ပြောကြားသည်။ 

အဆိုပါ အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးအနေဖြင့် တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး(၅)ထပ်ဆောင်တွင် သန့်ရှင်းသာယာလှပေရေးလုပ်ငန်းများ ဆောင်ရွက်သည့်နည်းတူ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်အသီးသီးတွင်လည်း တိုင်းလုံးကျွတ်အနေဖြင့် ဘုရားစေတီပုထိုးများ၊ ပြည်သူ့ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ပန်းခြံများတွင်လည်း သန့်ရှင်း သာယာ လှပရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။       

မောင်ညီညာ (ပြန်/ ဆက်)