မုံရွာ မေ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ဘေးရှိ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေး၊ ချင်းတွင်းမြစ်အတွင်း အမှိုက်များစွန့်ပစ်မှုမရှိစေရေးနှင့် ရပ်ကွက် နေပြည်သူများ လျှပ်စစ်အန္တရာယ်မှကင်းဝေးစေရန်အတွက် ဓာတ်အားလိုင်းများအပေါ် ကျရောက်လျက်ရှိသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက် ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ မြို့တော်ခန်းမတွင် တပ်မတော်နယ်လှည့်ဆေးကုရေးအဖွဲ့မှ ရွှေဘိုမြို့ နှင့်အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများအား ဆေးကုသစောင့်ရှောက်ပေးနေမှုများ အား သွားရောက်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မျက်စိခွဲစိတ် ပြီးလူနာများအား နေကာမျက်မှန်များ တပ်ဆင်ပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့ ကြပြီး ဆေးကုသမှုလာရောက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အား ပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သာ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင် ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒသကြီး/ ခရိုင်/ မြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်နေမှုများအပေါ် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး လိုအပ်မှုအခြေအနေများအား မှာကြားခဲ့သည်။
ယင်းနောက် ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၏ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ လုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီးအစိုးအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် ဌာနလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရွှေဘိုခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများထံ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းစီအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ ဆက်)