ကသာ မေ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများ အားလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ပညာရေးမဝေးဖို့ “ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအမြန် အပ်နှံစို့” ဟူသောမြေဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြသည်။
မြေစိုက်ပိုစတာဆိုင်းဘုတ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၃ ခုနှစ်၊ မေလ (၂၃)ရက်နေ့မှ မေလ(၃၁)ရက် နေ့ထိသည် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားရာ ကျောင်းသားမိဘများအနေဖြင့် သတ်မှတ်ထားသော သီတင်းပတ်ရက်အတွင်း မိမိတို့၏ သား/သမီးများအား အချိန်မီ ကျောင်းအမြန်အပ်နှံရေး ဆောင်ရွက်နိုင်မည်ဖြစ်သည်။
အဆိုပါ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာဆိုင်းဘုတ်အား ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထက်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းနှင့် ကျောင်းအုပ်ဆရာမကြီးများက ဆိုင်းဘုတ်စိုက်ထူ ဖွင့်လှစ်ပေးခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်စွာ(ကသာ)