ငဖဲ မေ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မေလ ၁၃ ရက်နေ့က မိုခါဆိုင်ကလုန်းမုန်တိုင်း အရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံကာ ဒေသခံတောင်သူများ သုံးစွဲလျက်ရှိသည့် အဝီစီရေတွင်းများအတွင်းသို့ တောင်ကျချောင်းရေများဝင်ရောက်ခဲ့သည့်အတွက် ဝမ်းပျက်ဝမ်းလျှော ရောဂါများမဖြစ်ပွားစေရန် ရည်ရွယ်၍ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကျေးရွာများသို့သွားရောက်၍ အဝီစီရေတွင်း(၄၁)တွင်းကို ကလိုရင်း( Chlorination) ဆေးများ ခတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများပူးပေါင်းကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံခဲ့ကာ ပြည်သူများသောက်သုံးလျက်ရှိသည့် အဝီစီရေတွင်းများအတွင်းသို့ တောင်ကျချောင်းရေများ ဝင်ရောက်ခဲ့သည့်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးအတွက် သီပေါ်ကျေးရွာတွင် သောက်ရေတွင်း (၁၁) တွင်း၊ မြစ်ဖျားကျေးရွာတွင် သောက်ရေတွင်း (၂၈) တွင်းနှင့် ပဒါန်းကျေးရွာတွင် သောက်ရေတွင်း (၂) တွင်း စုစုပေါင်း အဝီစီသောက်ရေတွင်း (၄၁) တွင်းသို့ သန့်ရှင်းသောသောက်သုံးရေ သုံးစွဲနိုင်ရေးအတွက် ကလိုရင်း( Chlorination) ဆေးများကို ခတ်ပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)