မြန်အောင် မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းကျိုးကျခြင်းများအား လမ်းပိတ်ဆို့မှုမဖြစ်စေရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက စုပေါင်းခုတ်ထွင်ရှင်းလင်းစဥ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယမန်နေ့နံနက်က မြန်အောင်မြို့ ပရဟိတမြို့ရွှေကျောင်းတိုက်၌ မြန်အောင်မြို့ဂိုဏ်းပေါင်းစုံ သံဃနာယက ဆရာတော်ကြီးများက စုပေါင်း၍ ဝတ္ထုငွေထောက်ပံ့ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန့်တော့၍ ဖွင့်လှစ်ပြီး မြန်အောင်မြို့ ကြာနီကန်ကျောင်းတိုက် ဆရာတော်က ငါးပါးသီလချီးမြှင့်၍ ကံလှကျောင်းတိုက်ဆရာတော် ဥူးသုမင်္ဂလမှ ထိခိုက်ဒဏ်ရာရရှိခဲ့သော အရန်မီးသတ် တပ်ဖွဲ့ဝင်များအား ဝတ္ထုငွေထောက်ပံ့ပေးအပ်ချီးမြှင့်ရခြင်းအကြောင်း မိန့်ကြားရှင်းလင်းသည်။ ဆက်လက်၍ ကြွရောက်ချီးမြှင့်ကြသော ဆရာတော်ကြီးများက ထောက်ပံ့ချီးမြှင့်ငွေ ကျပ် ၁၅ သိန်းအား အရန်မီးသတ်တပ်ဖွဲ့ဝင်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မြို့နယ်ဂိုဏ်းပေါင်းစုံ သံဃနာယကဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)