ကျိုက်လတ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများပြုလုပ်

ကျိုက်လတ် မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရေး၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ကျိုက်လတ်မြို့ပေါ်ရှိ အမှတ် (၁)နှင့် အမှတ်(၂)ရပ်ကွက်တို့တွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မိုးကြိုကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်(၂)ခုတွင် ခြင်များအလွယ်တကူ ပေါက်ဖွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ဘုရားပန်းအိုးများ၊ ရေစည်၊ ရေပုံးများ၊ ရေလောင်းအိမ်သာများတွင် ပိုးလောက်လန်းများ ပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းနှင့် ပညာပေးလုပ်ငန်းများ၊  တာယာခွံများ၊ ရေဗူးများတွင် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေး ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျန်ရှိသည့်ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်ရီရီမြင့်