လေးမျက်နှာ အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ စာရေးဝန်ထမ်း(၇၆)ဦးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို အောက်တိုဘာ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက ရပ်ကွက်/ကျေးရွာအုပ်စု (၄၈)စုမှ စာရေးဝန်ထမ်းများအနေဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆောင်ရွက်ရသည့် လုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ အသိပေးကြေညာချက်များအား ရပ်ကွက်/ကျေးရွာများ အတွင်း နေ့စဉ်လှည့်လည် ကြေညာခြင်းနှင့် အခြေခံ လူတန်းစားများအား ထောက်ပံ့ငွေပေး အပ်ရန်အတွက် စာရင်းဇယားပြုစု/ ထောက်ပံ့ခြင်းစသည်တို့ ဆောင်ရွက်ရသည့် လုပ်ငန်းများအတွက် ဂုဏ်ပြု ထောက်ပံ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေဝဏ္ဏသူ တို့က လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်း(၇၆)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်တစ်သိန်းကို ဝန်ထမ်းများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)