ဝါးခယ်မ မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ သန့်ရှင်းသာယာလှပစေရန်အတွက် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး ဦးဆောင်၍ ဝါးခယ်မမြို့၊ သံကြိုးတိုင်ရပ်ကွက်၊ မူလွန်သံကြိုးတိုင် စာသင်ကျောင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ခလရ (၅၃၄)မှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအမှူးများ၊ ပြည်သူများဖြင့် စာသင်ကျောင်းများ ဖွင့်လစ်ချိန်တွင် အဆင်ပြေချောမွေ့စေရန် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စျေးရပ်ကွက်ရှိ သကျမဟာသီရိဘုရားကြီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှ လမ်းဘေးဝဲယာတစ်လျှောက်ရှိ မြက်များ၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ ရှင်းလင်းခြင်း၊ အမှိုက်များအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်ဖြင့် လိုက်လံသိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)