ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အထောင်မြို့တွင် မျက်စိ(အခမဲ့) ကုသပေးမှုကို ကြည့်ရှုအားပေး

ကျုံပျော် မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများ လိုက်ပါ၍ မေလ ၂၀ ရက် နံနက် ၁၀ နာရီက ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် မျက်စိ(အခမဲ့) ကုသပေး‌နေမှုအား လာရောက်ကြည့်ရှု၍ အားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ အထောင်မြို့အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည့် ထွဋ်မိသားစုနှင့် ထွဋ်ဖောင်ဒေးရှင်းတို့မှ မတည်၍ စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် မျက်စိ (အခမဲ့)စမ်းသပ် စစ်ဆေးကုသပေးနေမှုအခြေအနေအား လာရောက်ကြည့်ရှုပြီး မျက်စိစမ်းသပ်စစ်ဆေးရန် လာရောက်ကြသည့် မျက်စိဝေဒနာရှင်များအား လိုက်လံကြည့်ရှုအားပေးခြင်း၊ လူနာနားနေခန်း၊ မျက်စိစမ်းသပ်ခန်းနှင့် လူနာမှတ်ပုံတင်ခန်းများအား လိုက်လံကြည့်ရှု့၍ လူနာစမ်းသပ်စစ်ဆေးနေမှုအား ကြည့်ရှုပြီး လူနာများအား အားပေးစကားများ လိုက်လံပြောကြားခဲ့သည်။

ထို့နောက် မျက်စိအထူးကုဆရာဝန် ဒေါက်တာမိုးလွင် ဦးဆောင်သည့်အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း၊ ယခုကဲ့သို့ မျက်စိ ဝေဒနာအခမဲ့ စမ်းသပ်ကုခွင့် ရရှိသည့်အတွက် လာရောက်ကုသကြသူများ အထူးဝမ်းမြောက်လျက်ရှိကြောင်း  သိရသည်။

R-035(ကျုံပျော်)