ကြံခင်း အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်သမဝါယမ ဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုတို့မှ ဝန်ထမ်းများနှင့် အမှုဆောင်များအား ကိုဗစ်-၁၉ကာလအတွင်း အခြေခံစားသောက်ကုန် ဒုတိယအကြိမ် ထောက်ပံ့ ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ် သမဝါယမအသင်းစု အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ကြံခင်းမြို့နယ် သမဝါယမအသင်း ဦးစီးအရာရှိ ဦးအုန်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးသိန်းဝင်းက ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်အား လည်းကောင်း၊ မြို့နယ်သမဝါယမ ဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုမှ ဝန်ထမ်းများ၊ အမှုဆောင်များအား ကိုဗစ်-၁၉ ကာလအတွင်း မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်၊ ပထမအကြိမ် ထောက်ပံ့ပေးထားသည့်အပြင် ယခုဒုတိယအကြိမ် ထောက်ပံ့ပေးတာဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ ဝန်ထမ်းများ၊ အမှုဆောင် များအား တစ်ဦးလျှင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်(၁)အိတ်နှင့် ဆီ(၅၀)သား စီအား တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ကြံခင်းမြို့နယ် သမဝါယမ ဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုဝန်ထမ်းများ၊ အမှုဆောင်များ (၃၁)ဦးရှိကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)