ငဖဲ မေ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ဖြင့် မေလ ၁၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကျေးရွာများမှ ဒေသခံတောင်သူများ၏ နွားများ နာမကျန်းမှုများရှိခဲ့သည့်အတွက် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မာန်အောင်ကျေးရွာတွင် နာမကျန်းဖြစ်လျက်ရှိသည့် နွားကောင်ရေ (၄၀)အား ဆေးကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကုသဆောင်ရွက်ရာတွင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ ချစ်ချယ်ရီစိုးနှင့် ဝန်ထမ်းများဦးဆောင်ပြီး ကျန်းမာရေး လုပ်သားများပူးပေါင်းကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ မာန်အောင်ကျေးရွာအတွင်းမှ တောင်သူများမွေးမြူထားသော အအေးမိ၍ နာမကျန်း ဖြစ်နေသည့် နွားကောင်ရေ ၄၀ အား အဖျားပျောက်ဆေး၊ ပိုးသတ်ဆေး၊ အားဆေးနှင့် အကြောဆေးများထိုးနှံပေးခဲ့ပြီး ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သော ရောဂါများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ဖြစ်ပေါ်တတ်သော ရောဂါများနှင့် စနစ်တကျ မွေးမြူနည်းများ၊ ကူးစက်ရောဂါကြိုတင် ကာကွယ်ရေးနှင့်ကုသရေး နည်းလမ်းများတို့ကို တောင်သူများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)